Wednesday, August 19, 2009

မြဒါလီသို့ ...တမ်းချင်းများ (၂)



ည တွေကမှိုင်းရော် ရီဝေ လွန်းနေတယ်

မြဒါလီရေ့... ။


တိမ်မျှင်တွေ ကျဲပါးနေတဲ့

အခိုက်မှာတောင်

လရောင်က
ပြည့်ပြည့် ဝဝ
မလင်းနိုင်ရှာပါဘူးကွယ် . . .။


မှုန်ရီ လဲ့ဖြာနေတဲ့

အလင်းသွဲ့ငယ်ကြားကနေ
ငါ့အိပ်မက်တွေ
မင်းဆီ တိတ်တိတ်လေး ပို့လိုက်ပါပေရဲ့
ချမ်းမြေ့ ပျော်ရွင်နိုင်ပါစေ ငါ့အချစ်... ။


ဒီလိုညမျိုးမှာ ငါဟာ

ကယောင်ခြောက်ချားနဲ့ပေါ့ မြဒါလီ . . .



ပြုတင်းတံခါးဘောင်နဲ့ တိုက်မိပြီး
လွင့်စင်ကျလာတဲ့
ပီယာနိုသံလို မင်းရယ်သံလေးတွေကို

လိပ်ပြာဖမ်း ပိုက်ကွန် နဲ့ လိုက်ဖမ်းကြည့်နေမိသူရယ်ပါ . . .။


ဘယ်လို မိနိုင်ပါ့ မလဲကွယ်

မင်းရယ်သံလေးတွေက အငွေ့ ပျံလွယ်တဲ့

စံပယ်ပန်းလေးတွေ ဖြစ်နေခဲ့တာကိုး . . .။


မင်းဟာ..ငါ့ သိစိတ် ၊ မသိစိတ် တွေအားလုံးရဲ့

ကျမ်းစာ အုပ်လေးပါပဲ မြဒါလီ

ငါ တဖွဖွ ရွတ်ဆို တမ်းတနေခဲ့ရတာကလဲ

မင်းရဲ့ နာမ တော်လေးပါပဲ . . ။



ရွှေသားလို ငါ့ အသက်ဓါတ်အား နှင်းအပ်ပါတယ် မြဒါလီ . . . ။


ငါ လဲကျရာ ကြမ်းပြင်မှ
မင်းနှုတ်ခမ်းများဖြင့်
ပြန်လည်ထူမတ်လှည့်ပါ . . . ။


မြစ်ရေတွေ တသွင်သွင်စီးဆင်းသွားကြပေမယ့်

ငါ့ရဲ့ အလွမ်းတွေ စီးဆင်းနေရတြဲ့မစ်က

မင်းသောင်ခြေဦးမှာ လူးလွန့်အေးခဲနေဆဲပါကွယ် . . . ။



မင်းမျက်ဝန်းလေး တချက်စိုဘို့ ..

ဘယ်နှဘဝစာ အထိ ငါငိုရဦးမှာလဲ

မြဒါလီ...


ဝီစကီတခွက်လို သွေးကြောထဲ အဆက်မပြတ်

လှည့်ပတ်၍ ငြင်သာစွာ မူးယစ်စေခဲ့သော
မြဒါလီ ...



တရှိုက်မက်မက် နစ်ကိုတင်းဓါတ်လို

ဖြတ်တောက်ရခက်စေသော
မြဒါလီ...


နေ့စဉ် ရက်ဆက် ငါ့ အား

တရှိန်ရှိန် အဖျားတက်စေခဲ့သော

မြဒါလီ ....


မင်းကို . . . ငါ . . .ချစ်တယ် ...

မင်းကို . . . ငါ . . .ချစ်ခဲ့တယ် ...

မင်းကို . . . ငါ . . .ဆက်ချစ်နေဦးမယ် . . .။


နှစ်ပေါင်းများစွာအကြာမှာ မတော်တဆ ၊ တိုက်ဆိုင်မှုအဖြစ်

ငါ့ကျောက်ဖြစ်ရုပ်ကြွင်းအား မင်းတူးဖော် ရရှိနိုင်ခဲ့လျှင်
ဘယ်ဘက်ရင်အုံတနေရာကို သေချာကြည့်လိုက်ပါ... မြဒါလီ
မင်း အက္ခရာတွေနဲ့ ငါ့နှလုံးသားဟာ
ဝင်းပနေတာကို မင်းတွေ့ရှိရပေလိမ့်မယ် . . . ။ ။



ဖုန်းမြင့်

(၂၅.၇.၂၀၀၉)

6 comments:

Anonymous said...

ဒီနှစ်က တစ်ထက်ပိုကောင်းတယ်ဗျ...
နောက်ရေးမယ့် သုံးက ပိုတောင် ကောင်းနေမလားမသိ....
မြဒါလီတော့ ကြွေ မ ကြွေ မသိဘူး
ဖတ်တဲ့သူတွေတော့ ကြွေသွားလောက်တယ်...

mie nge

အိုင်လွယ်ပန် said...

စကားလုံးတွေက ကြွေလောက်ပါရဲ့ အစ်ကို
နူးနူးညံ့ညံ့လေးနဲ့ လှနေတာ ...

အောင်သာငယ် said...

အရှုံးအကြောင်း
အမုန်းအကြောင်း
မစဉ်းစားတော့ပါ
သည်နေရာမှာပဲ နေခဲ့ပါ့မယ်
ဖြေသိမ့်စရာ စွဲရစ်လာအောင်
မျက်စေ့မှိတ်လို့ အိပ်စက်ချိန်မှာ
ကိုယ့်ရင်ခွင်ကို အိပ်မက်ထဲမှာ ပြန်လာခဲ့တော့...

(ခင်ဝမ်း - အချစ်ကိုရင်း၍)

စိုင်းလောဝ်ပိန်း said...

အနုလေးတွေ ဖတ်သွားတယ် ကိုဖုန်းမြင့် :)

မြစ်ကျိုးအင်း said...

ကဗျာဖတ်ရင်း အသက်ပြင်းပြင်းမရှုရဲဘူး...။
စာသားလေးတွေ လွင့်ပါသွားမှာစိုးလို့...။
ဒီကဗျာနဲ့ပါတ်သတ်လို့ အမှန်အတိုင်းပြောမယ်..။
တကယ်ကောင်းတယ်ကိုဖုန်း...။
မိန်းခလေးတယောက်ယောက်ကို ကြိတ်ကြိုက်နေတဲ့ သူ ဒီကဗျာဖတ်ရရင် ချက်ချင်းကူးရေးသွားမှာပဲ...။

လင်းဒီပ said...

မင်းမျက်ဝန်းလေးတစ်ချက်စိုဖို့
ဘယ်နှစ်ဘဝစာ ငါငိုရဦးမှာလဲ...ထိတယ်ဗျာ...

သူ့အက္ခရာတွေနဲ့ ခင်ဗျားနှလုံးသား ဝင်းပနေခဲ့ပုံ...