ဟိုမှာ ..မြင်လား..
စကားလုံးမိုင်းကွင်းတွေ
သတိသမ္ပဇဉ်ကို ဉာဏ်စဉ်မှာကပ်
ကဗျာခြေပြတ် ၊ လက်ပြတ်မဖြစ်ခင်လေး ၊ ကဗျာအသက်မထွက်ခင်လေး
ရဲရဲကြီးဖြတ်လိုက်
အဲ့ဒီကအကျော်မှာ ကဗျာသတ်ကွင်းထဲဝင်
ကဗျာဘက်နက်တွေတပ်ကြ ၊ ကဗျာလှံစွယ်တွေဖွေးဖွေးထ
'ဒါနဲ့ စကားမစပ် ကဗျာ မဟာမိတ်တွေ နော်မန်ဒီ ကမ်းခြေကို တက်လာနေပြီလား'
ငါ့ . . .ကဗျာတပ်သားလေးယန် ကို ကယ်တင်ပါဦး မောင့်ဘက်တန်
ကဗျာ ဂတ်စတာပိုလ်တွေ ၊ ကဗျာဖက်ဆစ်တွေ လက်ထဲမှာ
ကဗျာနိုင်ငံတော်ဟာ အတုန်းအရုန်းလဲကျ
ကဗျာမြို့ကြီးမီးလောင်နေပြီ
ကဗျာအလံတော်ကို သူတို့ဖိနပ်ကြီးတွေနဲ့နင်းချေကြ
ကဗျာအမျိုးကောင်းသားသမီးတွေကို ကဗျာနဲ့ပဲဖျက်လိုဖျက်ဆီးလုပ်ကြ
အသဲကွဲသမား ကဗျာလေးတွေနဲ့ ၊ ကဗျာကလေးသူငယ်တွေ
မျက်ရည်ချောင်းစီးငိုကြွေးကြ
သွေးပျက်ဖွယ်ရာကဗျာပါပဲ . . .
"တိတ်တိတ်နေ" . . .
"အသံတစက်မှမထွက်စေနဲ့" . . .
"သူတို့ကင်းလှည့်လာနေတယ် "
"သူတို့မှာ အနံခံကောင်းတဲ့ ခွေးတွေပါတယ်"
ကဗျာဗုံးကြဲလေယဉ်တွေ က ကောင်းကင်မှာအပြည့်ပဲ
ကဗျာဝပ်ကျင်းထဲကနေ ခေါင်းထောင်မကြည့်လိုက်နဲ့လေ...
သူတို့လက်ထဲမှာ ကဗျာ အသွေးအသားတွေ
ကဗျာအရိုးတခြား ၊ ကဗျာအသားတခြား
ဖြစ်သွားလိမ့်မယ် . . .
ကဗျာအော့ဇ်ဝက်ငရဲခန်းမှာ
ကဗျာချွေးတပ်သား ထောင်ပေါင်းများစွာရှိနေတယ်
အယူအဆမတူတဲ့ ကဗျာ၆ သန်းကျော်ကို
သူတို့ဟာ အဆိပ်ငွေ့ပေးသတ်လိုက်ကြပြီ
ကဗျာဝတ်လစ်စလစ်တွေနဲ့
ကဗျာရုပ်အလောင်းတွေကို ကျင်းတကျင်းထဲမှာ စုမြုပ်လိုက်ကြတယ်
ကဗျာခေတ်ကြီးမကောင်းတော့
ကဗျာလေးလက်ဝန်ရှိလာရင်တောင်
ကဗျာမီးရှုးသန့်စင်ဘို့ အဆင်မပြေဘူး..
ကဗျာလက်မှတ်ရဆရာဝန်တွေ တယောက်မှ မရှိကြတော့ဘူးလား...
ကဗျာ ဂလက်ဒီယေတာတွေကို ခေါ်ပေးပါ..
ကဗျာချေမှုန်းရေးတပ်ဖွဲ့လွှတ်ပြီး
ငါ့ကဗျာ တပ်စုလေးကိုအမြန်ကယ်ထုတ်ပါ
ကဗျာရာဇဝတ်ကောင်တွေကို
ကဗျာခုံရုံးတင်ပါ
ငါ့ သမီးလေး ကဗျာအိမ်ကိုပြန်မရောက်တော့ဘူး...
ကဗျာအမေအိုကြီး သူ့သားလေးကဗျာကိုပို့လိုက်တဲ့စာ လမ်းမှာပျောက်သွားတယ်
ငါ့သမီးလေးကဗျာ အိမ်ကိုပြန်မရောက်တော့ဘူး
ငါ့ကဗျာရှေ့တန်းက ပြန်လာရင်
နှင်းဆီပန်းတွေနဲ့ကြိုပါ . . . စကားလက်အိုဟာရာ ။ ။
ဖုန်းမြင့်
7 comments:
ကဗျာ ကဗျာ ကဗျာ ကဗျာ ....
ကဗျာတွေပလူပျံနေတယ်
ကဗျာကိုနှစ်သက်တယ်
ကဗျာဆရာ ကိုဖုန်း
ကဗျာ လှလှလေးတွေ ထပ်ဖန်းတီးပေးပါ
ကဗျာ...
ကဗျာ...
ကဗျာ...
အရမ်းကောင်းတယ်..အကိုရေ
စကားလက် အိုဟာရာတော့ မသိဘူး ဝေး...
စကားလက် ဂျိုဟာဆန်ဘဲသိတယ်....
mie nge
လေးလေးနက်နက် ဖတ်ရှုသွားကြောင်းပါ အစ်ကို ...
ကဗျာရေးအစွန်းရောက်တွေရဲ့ ကဗျာစစ်ကြီးတွေကို ဆန့်ကျင်မယ့် ကဗျာငြိမ်းချမ်းရေးသမားတွေ များပြားလာပါစေ။ ကဗျာ့ကုလသမဂ္ဂကြီးလည်း တကယ်အလုပ်လုပ်ပါစေ။
ဘယ်စာကြောင်းကို ကြိုက်ရမှန်းမသိအောင်ကို ကြိုက်သွားတယ်။ ဘာဖြစ်လဲ..ကိုယ့်ခံစားချက်နဲ့ ပစ်တင်လိုက်တဲ့ မှတ်ချက်၊ ဘယ်အကြောင်းပြချက်နဲ့မှ မဖျက်နဲ့နော်..။ ကဗျာကို ကပျာကယာရေးတာလား။ ကပျက်ကချော်ရေးခဲ့တာလား။ ကပိုကရိုရေးခဲ့သလား။ မသိဘူး။ မလိုဘူး။ ကြိုက်တာကတော့ အသေချာပဲ။
ကဗျာကောင်းတစ်ပုဒ်ကို ဖတ်ခွင့်ရတာ
ကဗျာရဲ့ အတွေးအသိမှာရော လက်တစ်စုံမှာပါ
ကဗျာတွေစီးမျောသွားတာ .. ကဗျာကမ်းခြေအရောက်မှာ
စိတ်အနောက်တွေ ပြေသွားတယ်ဗျာ ..။
လှပသေသပ်တဲ့ ကဗျာက ကျွန်တော့်နဘေး ကပ်လိုက်လာတယ် ..။
ခင်မင်စွာ
idulize (အရုပ်ကလေး)
Post a Comment