Sunday, October 11, 2009

ဘုရားသခင်အလိုတော်အရ ခင်ဗျားနဲ့ကျနော် ။




ကမ္ဘာကြီးကို ရေလွှမ်းမိုးမယ် မကြံသေးဘူး


ခင်ဗျားက နောဧပေါ်ရောက်နေပြီ

ခင်ဗျားရဲ့ အာရုံသိ အကင်းပါးမှုနဲ့

နေရာယူတတ်မှု ဆိုတဲ့ ဘာသာစကားကိုတော့ လေးစားမိပါရဲ့

နွားကျတယ်ပဲပြောပြော

ကျနော်ရဲ့ ပိန်းအ ခဲ့မှုဟာ

ဘုရားသခင်အလိုတော်အရပါ

ခင်ဗျားဟာ ဝိတ်မ လေ့ကျင့်လေ့ရှိသူ ဆိုတော့

လူထူပြီဆိုရင် အင်္ကျီလက်မောင်းလေးပင့်

လက်မောင်းကြွက်သားတွေ ကားကားနဲ့ လမ်းသလားလေ့ရှိတယ်

ဒါဟာလဲ ဘုရားသခင်အလိုတော်အရပါ

ခင်ဗျားမှာ ဘာရည်ရွယ်ချက်မှ မပါမှန်း

ကျနော်သိပါတယ်

အခုဆို ကျနော်ဟာ

အလင်း၊ အလျှင် ၊ အရွေ့ဆိုတဲ့ ပြတ်ရွေ့ကြောင်းကြီးထဲမှာ

တစုံတခုက ကျနော်နေ့တွေကို တွန်းတိုက်သွားတယ်

အမျိုးအမည်မသိ ဘာသာစကား နဲ့

လူနားမလည်တဲ့ ဝေါဟာရတွေကို တဖွဖွရွတ်လို့

နံရံတွေကို ကျနော် တွန်းဖြိုကြည့်မိနေတယ်

ခင်ဗျားလို ထွားကျိုင်းသန်မာမှုမရှိတဲ့

ကျနော့်လက်ဖျံရိုးလေး နှစ်ချောင်းဟာ အသနားခံသလို တောင်းပန်တယ်

ဘုရားသခင်အလိုတော်အရ ဖွံထွားမှု နောက်ကျရတာပါဗျာ တဲ့

ခင်ဗျားရဲ့ အိပ်မက် ဆောင်ကြာမြိုင် ထဲက

လေညှင်းကလေးတွေ လှုတ်ခတ် ကစားတဲ့ ခန်းဆီးစ မှာ

နားလေ့ရှိသူ လိပ်ပြာကလေးတွေအပေါ်

ဆေးရောင်စုံချယ်ရေး ပရောဂျက် လက်စသတ်လိုက်နိုင်ပြီလား

ဘုရားသခင် အလိုတော်အရ အဆင်ပြေချောမွေ့ပါစေဗျာ

ကမ္ဘာကြီးလုံးတယ် ပြောပြော ၊ ပြားတယ်ဆိုဆို

ကျနော်ကတော့ လုံးလည်ချာလည်ပါပဲ

လူပျက်တွေ ပြက်လုံးထုတ်ကြသလို

လည်သာလည်တယ် ၂ပတ်ထဲဆိုတာမျိုးပါ

ဘုရားသခင်အလိုတော် အရ ခင်ဗျားကတော့

အထုခံလိုက်ရတိုင်း တဒူဒူ အော်နေရတဲ့ ကြေးစည်လို ချာချာလည်နိုင်ပါစေ

ဒီတပတ်အတွင်း အကောင်းဆုံး ဟာသ စာရင်းမှာ

ခင်ဗျားရယ် ၊ ဘုရားသခင်ရယ် ၊ ချာလီချက်ပလင်ရယ် ပါတယ်

စိတ်မရှိလိုက်ပါနဲ့ဗျာ

အခုကျနော် ချရေးလိုက်တဲ့ အကြောင်းအရာကလဲ

ဘုရား သခင်အလိုတော်အရပါပဲ

ကားစင်ထက်က ဘုရားသခင်ရဲ့

လည်ပင်းပေါ်ကိုမှ


ဓါးတင်ထားချင် တယ် ဆိုတဲ့ခင်ဗျား

ကောင်းချီးမင်္ဂလာ ဝေဖြာပါစေ

အာမင် . . . ။ ။


ဖုန်းမြင့်


(အဝေးရောက် ပင်လယ်မှ ကူးယူဖော်ပြပါသည် ။ )

2 comments:

အိုင်လွယ်ပန် said...

ကောင်းလိုက်တာ .. ငါ့ အစ်ကိုရေ ..

Angel Shaper said...

ကဗျာလေးက ဖတ်လို့သိပ်ကောင်းတယ်။
ဘုရားအလိုတော်ကို ထည့်သွင်းမှုမှာ သမီးနားလည်မှု အားနည်းသွားတယ်။ ဘုရားအလိုတော်ကို အကောင်းထင်လို့လား၊ မကောင်းထင်လို့လား ဆိုတာကိုပါ။
ဘုရားသခင်ဟာ ဟာသစာရင်းထဲ ပါသွားသတဲ့လား။