Sunday, October 18, 2009

ဒေးဗစ်ကော်ပါးဖီးလ် လို ငါတို့ရဲ့ ဖျောက်ဖျက်ခဲ့မှုများ ။



မီးလင်းဖိုလေးရှေ့မှာပဲ

ငါ့ကိုယ်ငါ ပြန်နွှေးနေရတယ်

ငါ့တို့ရဲ့ညစာတွေဟာ လဲ ငါတို့လိုအေးစက်ကြလို့ . . .

”ကမ္ဘာမြေကြီးအပေါ်မှာ လူသားတွေဟာ

မတော်မတရားကျင့်ခဲ့တယ် “ . . .

အဲ့ဒီလို . . .

ငါတို့အမြဲစားသုံးနေကြ ပွဲနေ၊ ပွဲထိုင် စကားလုံး တွေနဲ့

ဧည့်ခံပွဲတွေဟာ တောက်ပ အသက်ဝင်ခဲ့ကြရ . . .

ညညဆို . . .ငါ တို့ဟာ

ဘဂ္ဂဒက်မြို့က လမ်းကြို လမ်းကြားတွေကို

မော်နီတာ ဖန်သားပြင်က တဆင့်သွားတယ် . . .

ငါတို့ရဲ့ အကြင်နာတရားဟာ

ကီးဘုတ်က ခလုတ်တွေ အပေါ်မှာ

”ဧရာဝတီဒယ်လ်တာက မိဘမဲ့ ကလေးသူငယ်တွေကိုကွာ” . .

အခုလိုပြောလိုက်တဲ့ ငါ့ သူငယ်ချင်းရဲ့စာနာမှုဟာ

သူ့လက်ထဲက ပြာမကြွေသေးတဲ့ စီးကရက်ရှည်လိုပဲ

ရှည်ရှည်မျောမျော ကြီးတိုးထွက်လာခဲ့ . .

ငါတို့ဟာ . . .

ဆပ်ပြာပူဖောင်းတွေ မှုတ်ထုတ်လိုက်သလို

စကားလုံးတွေ တဖူးဖူးမှုတ်ထုတ် ပြီး ပျော်ရွှင်စွာ ဆော့ကစားကြ

ငါတို့ရဲ့ . . .ဝမ်းနည်းကြေကွဲမှုကို

အိမ်မြှောင်တကောင်လို တကျွတ်ကျွတ် စုတ်သတ်ပြ လိုက်ကြ

ငါတို့ဟာ လူပီပီသသ ၊

ငါ့တို့ ရဲ့ . . . ဒုက္ခတရားကမှ

စကြဝဠာကြီးထဲ က မဟာအခက်ခဲဖြစ်တယ်ဆိုတဲ့အကြောင်း

စီကာပတ်ကုံး ဖွဲ့နွဲ့လိုက်ကြ

ငါတို့ . . . အတ္တတွေ ထူပိန်းထလာတဲ့အထိ

ဆေးသားတွေ တလွှာပြီးတလွှာ အသပ်ရပ်ဆုံး တင်ကြ

လူတိုင်းက စိုးရိမ်ရေမှတ် ရောက်နေချိန်မှာ

ငါတို့ကြမှပဲ ထူးကဲဒီရေ တက်သလိုမျိုး

ငါတို့ဟာ ပြောဆိုရယ်မောခဲ့ကြ

ဒီလ အတွက် အိမ်ကိုငွေလွှဲပြီးပြီးဆိုတဲ့အကြောင်း

သရီးဂျီအိုင်ဖုံးနဲ့ ဆက်သွယ်ပြောခဲ့ကြ

ငါတို့စကားလုံးတွေဟာ ပလုံစီပြီး

ဘလော့စပေါ့ဒေါ့ကွန် ထဲ မျောပါခဲ့ကြ

ငါတို့ဇတ်ရှိန် အမြင့်တက်လာဆုံးအချိန်မှာ

ငါတို့ဟာ ဒေးဗစ်ကော့ပါးဖီးလ်လို

ရန်ကုန်မြို့ကြီးကို ဖျောက်ဖျက်လိုက်တယ် . . .

ဘဂ္ဂဒက်မြို့ကြီးကို ဖျောက်ဖျက်လိုက်တယ် . . .

ငါတို့ရဲ့ အဆုံးစွန်ခံစားမှုတွေဟာ

ဒီညနဲ့ မဆန့်တော့ဘူးလို့ ယူဆပြီး

ငါတို့အရှေ့က မော်နီတာဖန်သားပြင်ကို

Alt+F4 နဲ့ ရှပ်ဒေါင်းပိတ်ချလိုက်တော့တယ် . . . ။ ။





ဖုန်းမြင့်

5 comments:

pandora said...

အမှန်တရားတွေကို ဘာလို့ပြောနေရတာလဲ ကဗျာဆရာရယ်
ဆပ်ပြာပူပေါင်းတလုံးတောင် ရင်ဘတ်လာမှန်သွားလို့
နာလိုက်တာနော်..

အိုင်လွယ်ပန် said...

လူဟာ
လူပီပီသသ
ဇာတ်ရှိန် အမြင့်ဆုံးအချိန်မှာ
အရာရာကို ဖျောက်ဖျတ် ပစ်လိုက်တော့တယ် ..။

နှစ်သက်စွာ ခံစားသွားကြောင်း ပါ အစ်ကို ။။

Anonymous said...

ငါတို့ရဲ့ အဆုံးစွန်ခံစားမှုတွေဟာ

ဒီညနဲ့ မဆန့်တော့ဘူးလို့ ယူဆပြီး

ငါတို့အရှေ့က မော်နီတာဖန်သားပြင်ကို

Alt+F4 နဲ့ ရှပ်ဒေါင်းပိတ်ချလိုက်တော့တယ်

ဒီညနဲ့ မဆန့်တော့တဲ့ ခံစားချက်တွေ တွေ့လိုက်ရပါတယ်ဗျာ

Anonymous said...

ko phone myint yay...
kyite loon loh bar pyaw ya mhan taung ma thi buu byar...
october htel mhar ... moe hlaing yae. a phay kabyar yae d kabyar yae nae. tin ... a thet shin ya tar kyay nat syar phyit thwar b...

Angel Shaper said...

အားးးးးးးးပါးးးးးးးးးးးး
ကဗျာလေး မိုက်တယ်ဗျာ။