Monday, October 26, 2009

ပုတ်သင်ညို ကမ္ဘာသစ်ပြဇတ်




ဝိဒေဟရာဇ် ခေတ် မှ တကောင်စ နှစ်ကောင်စကျန်ခဲ့သောပုတ်သင်ညိုများသည်၂၁ ရာစုထဲတွင်မျိုးပွားမှုနှုန်း လျှင်လျှင်မြန်မြန်ဖြင့် အုံလိုက်ကျင်းလိုက် ကြီးထွားလာနေကြပါသည် . . . ။


ထို ပုတ်သင်ညိုတို့သည် မိမိကိုယ် မိမိတို့ ကမ္ဘာဦး ဒိုင်နိုဆောများမှတဆင့် ရွေ့လျှားဆင်း သက်လာကြသူများဟု သက်ဝင် ယုံကြည်ကြပါသည် . . . ။


ပုတ်သင်ညိုတို့ ၏ သမိုင်းခေတ် ဖြတ်သန်းမှု အတွေ့အကြုံများအရ ရာစုသစ်ထဲတွင် အရောင်ပြောင်းရုံမျှဖြင့် လုံခြုံမှုမရှိတော့ဘူးဆိုခြင်းကို သိရှိလာကြပြီး ပုတ်သင်ညို ပါရာဒိုင်း အပြောင်းအလဲဖြစ်ဖို့ ပုတ်သင်ညို ရီဗော်လူးရှင်း တခု ပြုလုပ်ချင်လာကြပါသည် ။



ထို့ကြောင့် ပုတ်သင်တို့သည် . . .
အမြဲတန်းသင်ယူနေရမည့် ပုတ်သင်ညို အဖွဲ့အစည်းဟု ခံယူလိုက်ကြပြီး ၊ပုတ်သင်ညို ဂျင်နရေးရှင်းများ ၏ ဇီဝမျိုးစိတ် မြှင့်တင်ရေးအတွက် ကမ္ဘာအရပ်ရပ်ရှိ မြို့တော် အသီးသီး၏ မြေပေါ် ၊ မြေအောက် နေ ကြွက်များ ဆီမှ သင်ယူလေ့ကျင့်ခြင်း (တပါးသူများ သိုလှောင် သိမ်းဆည်းထားခြင်းမှ အလစ်အငိုက် ရှာဖွေ စားသောက် တတ်စေရန် ) ၊ ကမ္ဘာ့ တိုက်ကြီးများ အသီးသီးတွင် မှီတင်းနေထိုင်ကြ ကုန်သော ကျီးကန်းများဆီမှ သင်ယူခြင်း (ကျီးကန်းများ ၏ အမူအကျင့် ဓလေ့ စရိုက်များကိုမူ မြန်မာ့ စွယ်စုံ ကျမ်း များတွင် အကျယ်ရှုရန် ။ မှတ်ချက် ။ ။ဘရန်ဒွန်လီ၏ The Crow ဇတ်ကားကို ပုတ်သင်များ အသဲစွဲ ကြိုက် နှစ်သက်ကြပါသည် ။ ) ပုတ်သင်များသည် မိမိတို့၏ ပညာရည် မြင့်မားရေး ၊ ကျမ်းကြီး ၊ကျမ်းခိုင် များနှင့် စာကြီးပေကြီးများတွင် ကျွမ်းကျင် နှံ့စပ် နိုင်ရေးအတွက် ပိုးဟတ်များ၊ ခြများ ဆီမှလည်း သင်ယူလေ့ကျင့် ကြပါသေး သည် ။



ပုတ်သင်များသည် နိုင်ငံတကာ အသိုင်းအဝန်းနှင့်တကွ လူမှုအဖွဲ့အစည်း အသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးအတွက် စားဖားများ ၊ဖားပြုတ်များ ၊ ဖားခုံညင်းများ ၊ ဖားလတက်များ ၊ ကျော်စံကေးများ ( ဖားဟူသည့် အက္ခရာ စာလုံးပေါင်းပါဝင်သည့် သက်ရှိများမှ အစ၊ စွတ်ဖားလှည်းအဆုံး ) ထံမှ လည်း အပတ် တကုတ် ၊ကြိုးစားပမ်းစား သင်ယူလေ့ကျင့်ခဲ့ ကြပါသည် ။ ( ဤနေရာတွင် ပုတ်သင်များ၏ ကြိုးစားအားထုတ်မှု ကို လေးနက်ပေါ်လွင်အောင် မည်ကဲ့သို့ ရေးသားရမည်ကို ကျွန်ုပ် အမှန်တကယ် မသိရှိခဲ့ပါ ။ )



ပုတ်သင်များ သည် အမြင် ကျယ်စေရေးအတွက် ဇီးကွက်များ ထံမှ သင်ယူခြင်း ၊ မြင့်မြင့်ပျံ၍ ဝေးဝေးမြင်နိုင်စေရန် လဒများ ဆီမှ သင်ယူခြင်း ၊ အညှီ ၊ အဟောက်ရှိရာ ဆီသို့ အုပ်ဖွဲ့ ပျော်ပါးနိုင်ရေးအတွက် ယင်ကောင်များ ဆီမှ သင်ယူခြင်း ၊ အစရှိသည့် အကြောင်းအရာများ ကိုမူ ဤနေရာမှ နေ၍ အကျယ်တဝင့် မရေးသား မပြောဆိုလိုတော့ပါ ။



ပုတ်သင်များသည် ကမ္ဘာပြားပြီ ဟူသော အယူအဆကိုလဲ လက်ခံယုံကြည်ကြပါသည် ။ ထို့အပြင် ပုတ်သင်များ သည်ခေတ်သစ် စိတ်ပညာကို ကျွမ်းကျင်လာကြသည့် အလျှောက် ၊ စိတ်ပညာ သဘောတရား အရ အုပ်စုဖွဲ့ ဖိအားပေးခြင်းသီဝရီ ( Group pressure ) ကို တွင်တွင်ကျယ်ကျယ် အသုံးချ လာနိုင်ကြပါသည် ။ ထို့ကြောင့် . . . pokethinnyo@gmail.com ဟူ၍ မေးလ် အကောင့်တခု ပြုလုပ်ကာ ကမ္ဘာ့ နေရာဒေသ အသီးသီးရှိ ပုတ်သင်များကို ဆက်သွယ်၍ ချက်တင်များတွင် ပုတ်သင် ပဓါန ဝါဒ ကို တွင်တွင် ကျယ်ကျယ် ဖြန့်ဖြူး ခြင်း ၊ ပုတ်သင် မျက်နှာ စာအုပ် အမည်ရ ဆိုရှယ် နက်ဝေါ့ ကင်း ဝဘ်ဆိုဒ်များတွင် ဖန်ကလပ်များ ထူထောင်ကြခြင်း ၊


ထို့အပြင် မိမိတို့၏ ဝါဒရေးရာများကို စိစစ်ဖြတ်တောက်ခြင်း အန္တရာယ်မှ လွတ်ကင်းရန် အလို့ငှာ ဂူဂယ်မှ အလကားပဲတင်းကို ဈေးမဆစ်ပဲ ရသောဘလော့များတွင် www.http//pokethinnyo.blogspot.com ဟူသော စာမျက်နှာကိုဖန်တီးကာ ပုတ်သင်ညိုအနုပညာ အမည်ရ ကဗျာ ၊ စာပေ၊ ဆောင်းပါး၊ အက်ဆေး များကို ရေးသားတင်ပြလာကြပါသည် . . . ။ ထိုအချိန်မှ စ၍ Art For Pokethinnyo Sake အနုပညာသည် ပုတ်သင်ညို များ အတွက် ဟူသောဝါဒတခုသည်လည်း ပျံ့နှံ့တွင်ကျယ်လာပါတော့သည် ။





ဤကဲ့သို့ ဂုဏ်အရည်အချင်းများနှင့် ပြည့်ဝသော ပုတ်သင်များကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံကြီးတနိုင်ငံမှ ထုတ်လုပ်သော ကွန်ဒုံများကို ပုတ်သင်များ ဖြင့်အမှတ်အသားလိုဂို ပြုလုပ်ကာ အဖော် ဟူသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချခဲ့ပါတော့သည် ။



နောက်ဆက်တွဲအနေဖြင့် ထပ်မံသိရှိရသည်မှာ ရောခ့်ပုတ်သင်စတီးဝပ် သီဆိုသော ယောယိမ်းလိုက် ဘသား ယိမ်း လိုက် အမည်ရှိသော ရောခ့် တေးဂီတ အယ်လ်ဘမ်မှာ ပုတ်သင်များ ကြားတွင် အရောင်းရ အတွင်ကျယ်ဆုံး ဖြစ်နေခြင်းပင် ဖြစ်ပါသည် ။



ဤတွင် အက်ဆေးဟူသော လေဘယ်လ်ကပ်၍ ကျွန်ုပ် ရေးချင်ရာ လျှောက်ရေးသော အကြောင်းအရာများ နိဌိတံ ပါ၏ ... ။



ဖုန်းမြင့်
(ခတ္တ ပုတ်သင်ညို ယဉ်ကျေးမှု ထွန်းကားရာအရပ် )

5 comments:

အိုင်လွယ်ပန် said...

အင်း ..
အစ်ကိုရေ ..
ခေါင်းလာ ညိတ်ပါတယ် ..။။။

ဂျူနို said...

ဒီပို့စ် တအား မိုက်တယ် ။
အတွေးတွေ အရေးတွေက တကယ့် ပုတ်သင်ညိုလောက ကို ကွက်ကနဲ ကွင်းကနဲမြင်စေလို့ ပုတ်သင်ညို ညီလာခံက ပုတ်သင်ညိုများလိုပဲ မောင်ပုတ်သင် ဖုန်းမြင့် အဆိုကို ခေါင်းညိတ် ထောက်ခံရပါကြောင်း။


မအယ်

Anonymous said...

khitta gaung win nyeint lite mi p byar :D

Anonymous said...

ဖတ်နေရင်းရီရတယ်ဗျာ... ပုတ်သင်ညိုနဲ့ အဖော်နဲ့
ဘယ်လို ပတ်သက်သွားပါလိမ့် ...

mie nge

မိုးအိမ့်ဖြူ said...

အော် အရေးကောင်းတော့လဲ ဒီလိုပဲပေါ့လေ ဖတ်လိုက်ရတာတော့ အကျိုးရှိသွားပါ၏ ...။ ကိုယ်လိုရာကို မရ ရအောင် ဆွဲခေါ်ရေးသော အရေးမျိုးတွေ ခဏခဏ ဖတ်ဘူးတယ်ဗျ တကယ်ပါ ဖတ်လေ ဖတ်လေ ဖတ်မ၀လေးပဲ ကောင်းပါတယ်ဗျာ