Friday, July 10, 2009

ကဗျာနှင့် ပက်သက်၍

ကဗျာစစ်ပွဲများ မဖြစ်စေရန် ၊
ကဗျာလောကကြီး ငြိမ်းချမ်းစေရန် ၊
ကဗျာ ကိုလိုနီစနစ် ဖျက်သိမ်းပြီး ကဗျာအားလုံးလွတ်လပ်ကာ
တန်းတူရည်တူ ရှိစေရန် ၊ ကဗျာအချင်းချင်း အသားအရောင် ၊
အမျိုးအစား၊ အဆင့်အတန်းခွဲခြားမှုများပပျောက်စေရန်
ကဗျာတပုဒ်နှင့်တပုဒ် အတွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း။
ကျုးကျော်တိုက်ခိုက်ခြင်း မပြုပဲ အငြင်းပွားမှုရှိလျှင်
ကဗျာဝါဒ
အားဖြင့်မဖြေရှင်းပဲ ကဗျာဗေဒ အားဖြင့်
ဆွေးနွေးဖြေရှင်းရန်၊ ကဗျာတပုဒ်၏ အချုပ်အခြာ
အာဏာ (ဤအချက်တွင် အနည်းငယ်အားနည်းချက်ရှိကြောင်း ဝန်ခံပါသည်)
ကို ကျန်ကဗျာများအားလုံးက လေးစားရန် ၊
ကဗျာပြည်တွင်းစစ်၊ ကဗျာဒေသစစ်၊ ကဗျာကျုးကျော်စစ်၊
စသည်တို့ဖြစ်ပွားရာ ဒေသများသို့ ကဗျာ့ကုလသမဂ္ဂ
(ကြိုးစားတည်ဆောက် နေပါသည်) က ကဗျာစုံငြိမ်းချမ်းရေး
ထိန်းသိမ်းမှု အဖွဲ့များစေလွှတ်
ထိန်းသိမ်းရန် ။
(၁၉၇၀ ပြည့်လွန် နှစ်များကလွတ်လပ်ရေး ရရှိလာသည့် ဖွံဖြိုးကဗျာများ) မှ
အစဉ်တိုးတက်လျှက် ရှိသောခေတ်ပေါ်ကဗျာ၏
လက်ငင်းအကျိုးရလဒ်များကို ဘယ်လိုပမွှားကဗျာအမျိုးစားကမှ
ဝင်ရောက်နှောက်ယှက် ဖြည့်စွတ်ခြင်းပြုနိုင်/မပြုနိုင်။
ခေတ်ပေါ်ကဗျာ၏ မူလ၊ ခေတ်ပေါ်ကဗျာ၏ ဂုဏ်၊အရည်အသွေးများကို
လက်ရှိဆက်ခံသော ခေတ်ပေါ်ကဗျာများမှ
ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းရှိ/ မရှိ
ခေတ်ပေါ်ကဗျာသည် လူ့အဖွဲ့အစည်းကို ကိုယ်စားပြုရာတွင် အခြေခံ
ပေါက်ဖွားခဲ့သည့်အတွက် ယခုလက်ရှိကဗျာများသည်
လူ့အဖွဲ့အစည်းကို ဆက်လက်၍ ကိုယ်စားပြုနိုင်/ မပြုနိုင်
ခေတ်ပေါ်ကဗျာများတွင် ပညာတတ်များ မည်သည့်အတိုင်းအတာအထိ ပါဝင်လာနိုင်ခွင့် ရှိ/ မရှိ
ယခုအခါ ခေတ်ပေါ်ကဗျာဟု အမည်တပ်ပြီး
ဆုရွေးချယ်ရေးအဖွဲ့များမှ ရွေးချယ်နေသော
ကဗျာများအား ခေတ်ပေါ်ကဗျာဟု
သတ်မှတ်နိုင် / မသတ်မှတ်နိုင်
(အထက်ပါအချက်များအတွက် သက်ဆိုင်ရာကဗျာအဖွဲ့အစည်းများမှ မူဝါဒ
ကြော်ငြာချက်များ ထုတ်ပြန်လာလျှင် အချိန်နှင့်တပြေးညီ ဖြည့်စွက်ဖော်ပြသွားပါမည် ။)
ကိုးကား။ ။ ကဗျာကြေးမုံ အတွဲ(၂) အမှတ်(၃၀)

မိုးဝေး
၂၅-၉-၂၀၀၆


ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အတွဲ(၂၃)၊အမှတ်(၂) ၂၀၀ရ ဖေဖေါ်ဝါရီမှ ကူးယူဖော်ပြပါသည် ။
မူလပိုင်ရှင်ဆီမှ ခွင့်ပြုချက်တောင်းခံနိုင်ခြင်း မရှိခဲ့သည်ကို နားလည်ခွင့်လွှတ်ပါရန် ။

3 comments:

Anonymous said...

ကဗျာကုလသမဂ္ဂတော့ မသိပါ ...ကမ္ဘာ့ကုလသမဂ္ဂကိုတော့ ကောင်းကောင်းသိပါတယ်...
ကမ္ဘာ့ ကုလသမဂ္ဂြကီး ရှိနေပေမယ့်လည်း စစ်အာဏာရှင်များရှင်သန်ဆဲ ခေါင်းမာနေဆဲ....
ဆင်းရဲဒုက္ခရောက်နေသော တိုင်းပြည်များမှ
ပြည်သူများ ဆင်းရဲတွင်းနက်နေဆဲ ခလေးများငတ်နေဆဲ..... ကုလသမဂ္ဂ၀န်ထမ်းတချို့ ကတော့ အဆင်ပြေနေမြဲ သွားလာနေဆဲ.....

( မည်သူ့ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိလျင် ခွင့်လွှတ်ပါ )

mie nge

ကိုအောင် said...

ကဗျာ ဆာဒန်ဟူစိန်တို့၊ ကဗျာ ဗိုလ်ချုပ်မှူးကြီးတို့ရော
ရှိသေးလားဟေ့ ..။

Lanolay said...

ဒီဆရာပါဆိုမှ ဒီလောက်တော့ ရှိမှာပေါ့နော်။ နောက်ဆုံးပိုင်းလေး ကဲတယ်ဗျာ။