Friday, July 17, 2009

အရူးတေး



ဆိုပြသမျှ သီချင်းတွေက
လွင်ပြင်တွေကျယ်ပြန့်ကြောင်းပဲ
သန်းကောင်သန်းလွှဲ
မြေခွေးတွေ ထအူတာတောင်
စိတ်အူနေပုံကို မမှီဘူး
စိတ်အိုက်လာတော့
ကီးဘုတ်ကို တဖျတ်ဖျတ်ခတ်နေမိတယ်
စာသားတွေ တလက်လက် ထတောက်လာအောင်

ဖြစ်တည်ခဲ့ရ....
ကျဆုံးခဲ့ရ....
ရှုံးနိမ့်ခဲ့ရ...
..............
..............
လူပီသခဲ့ကြောင်း ပြစရာ ဒါလေးပဲရရှိခဲ့
ရရှိခဲ့တာလေးကိုပဲ
အသေအချာ ဆုတ်ကိုင်ထားလိုက်တယ်

ဘဝဆိုတာ
သံလမ်းမရှိပဲခုတ်မောင်းနေရတဲ့ ရထားတစင်းပဲ
ကိုယ်ရေးကိုယ်တာ၊ လက်ကမ်းကြော်ငြာတွေလဲ
ပါလာခဲ့တယ်

အခုဆိုနေတဲ့တေးက
သံသရာမှာ ပျော်ရွှင်စွာ ကျင်လည်ခဲ့ကြောင်း
တခုတ်တရ ဖွဲ့နွဲ့ပြလိုက်ခြင်းမျှ ။ ။




မောင်ဖုန်းမြင့်
(16.07.2007)

5 comments:

Anonymous said...

ဘ၀ဆိုတာ သံလမ်းမရှိဘဲခုတ်မောင်းနေရတဲ့ ရထားတစင်း ( မောင်ဖုန်းမြင့် )

ဘ၀ဆိုတာ အနိမ့်အမြင့် အတက်အကျ များနှင့် သမာရိုးကျ ဖြစ်နေသော ရေလှိုင်း ( ကိုအောင်သာငယ် )

ခင်ဗျားတို့ ကဗျာဆရာတွေက တတ်လည်းတတ်နိုင်ပ

ကျုပ်အတွက်တော့ ဘ၀ဆိုတာ အခုချိန်မှာ ဘလော့ဂ်တွေဖြစ်နေတယ်....

mie nge

Anonymous said...

မေ့သွားတယ် ....မနေ့ကခင်ဗျား ကိုအောင်သာငယ်အတွက် စပ်ခဲ့တဲ့ ကဗျာလေးကောင်းတယ်လို့ ပြောဖို့.....ကျေးဇူးတင်တယ်လို့ ထပ်ပြောပါရစေ....
အနုပညာက ပိုပြီးလေးနက်တယ်နော်....

mie nge

ATN said...

အဖြူရောင် သံစဉ်တွေနဲ့ လှပနေတဲ့ တေးတပုဒ်ပဲ ညီလေး

kay said...

သံသရာမှာ ပျော်ရွှင်စွာ ကျင်လည်နိုင်တာကိုကပဲ.. သံသရာတန်ရာတန်ကြေးတခုပါ။

အရုပ်ကလေး said...

အရူးတေးတစ်ပုဒ်လို စိတ်အတွင်းက သော့ခတ်ဧရိယာအတွက် တစ်ခါတစ်ရံ သိမ်းဆည်းတတ်ပေမယ့် ဖွင့်မိတဲ့ အခါ အတွင်းမှာ
ရနံ့တစ်ခုတော့ ရနေမှာပဲ .. အဲရနံ့ဟာ ကိုယ်သိမ်းထုပ်ပိုးမှုပေါ် မူတည်နေမှာပါ ..
ဘ၀ဆိုတဲ့ ကျောက်စာပေါ်မှာ ကိုယ်ဖြတ်သန်းတဲ့
လမ်းကြောင်းပြ မြေပုံတစ်ခုက ထင်ကျန်ရစ်နေမှာပါ ..
သံသရာလမ်းကို လျှောက်ရင်း တစ်ခါပြန်မလွမ်းအောင်
ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် ထုဆစ်ရမဲ့
လူသားတွေမို့ အောင်မြင်မှုအတွက် တက်လှမ်းချီတဲ့အခါ ခြေလှမ်းလေးမှန်မှန်တော့ လျှောက်ဖို့ လိုမယ်ထင်ပါတယ် ..။

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ အစ်ကို ..။